ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Monday, August 31, 2009

ဝူဇူ နှင့် ဂူဆွလ် ပြုလုပ်နည်းများ

ဝူဇူလုပ်နည်း

၁) လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိ ၃ ခါဆေးရမည်။

၂) အာခေါင်ဆိုသည်အထိ ၃ ခါ နှုတ်ကျင်းရမည်။ ( ရိုဇာနှင့်ဆိုလျှင် အာခေါင်ဆိုရန်မလိုပါ)

၃) ၃ ခါနှာခေါင်းဆေးရမည်။

၎) ၃ ခါ မျက်နှာသစ်ရမည်။ (နဖူးဆံစမှ အောက်မေးစိအထိ၊ တစ်ဖက်နားရင်းမှ နောက်နားရင်းတစ်ဖက်အထိ)

၅) လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ၃ ခါဆေးရမည်။

၆) မဆာဟ် တစ်ခါလုပ်ရမည်။

၇) ခြေထောက်ကို ခြေမျက်စိအထိ ၃ ခါဆေးရမည်။

မှတ်ချက်။ ။ အချက်တိုင်းကို ညာဖက်မှစလုပ်ပြီး အစိတ်အပိုင်းတစ်ခုမခြောက်မီ နောက်တစ်ခု ဆက်တိုက် ဆေးကြောရမည်။

ဝူဇူ၏ ဖရ်ဇ် အချက်များ

၁) မျက်နှာသစ်ခြင်း နဖူးဆံစမှ အောက်မေးစိအထိ၊ တစ်ဖက်နားရင်းမှ နောက်နားရင်းတစ်ဖက်အထိ)

၂) လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ၃ ခါဆေးကြောခြင်း

၃) ဦးခေါင်း၏ လေးပုံတစ်ပုံထက်မနည်း မဆာဟ် ပွတ်သပ်ငြခ်း

၎) ခြေနှစ်ဖက်ကို ခြေမျက်စိပါအောင် ဆေးကြောခြင်း

ဝူဇူ၏ မက်ရူးဟ် အချက်များ

၁) မသန့်ပြန့်သော နေရာတွင်ထိုင်၍ ဝူဇူလုပ်ခြင်း

၂) ရေကိုလိုသည်ထက်ပိုသုံးခြင်း

၃) ရေကိုလိုသည်ထက် လျှော့သုံးခြင်း

၎) မျက်နှာကိုရေဖြင့် ပက်ရိုက်ဆေးခြင်း

၅) ယာလက်ဖြင့် နှာခေါင်းကိုဆေးကြောခြင်း

၆) ဝူဇူပြုနေစဉ် လောကီစကားပြောခြင်း

၇) စွန္နသ်နည်းလမ်းများနှင့်ဆန့်ကျင်လျက် ဝူဇူပြုခြင်း

ဝူဇူပျက်စေသော အချက် (၈) ချက်

၁) ကျင်ကြီး ကျင်ငယ် စွန့်ခြင်း (သို့) ဒွါရမှ တစ်စုံတစ်ရာထွက်ခြင်း

၂) လေလည်ခြင်း

၃) ခန္ဓာကိုယ်မှ သွေး၊ ပြည် စသည်တို့ စီးတွေခြင်း

၎) ခံတွင်းအပြည့်အန်ခြင်း

၅) မှီလျက်ဖြစ်စေ၊ လဲလျောင်းလျက်ဖြစ်စေ အိပ်ပျော်သွားခြင်း

၆) အကြောင်းတစ်ခုခုကြောင့် မူး၍သတိလစ်သွားခြင်း

၇) ရူးသွပ်သွားခြင်း

၈) နမာဇ်ဝတ်ပြုနေစဉ် အသံထွက်ရယ်မောခြင်း



ဂူဆွလ် လုပ်ရန် တာဝန်ကျသော အချက်များ

၁) ဟိုင်သွ် ။ ။ မိန်းမများ ရာသီလာတဲ့အခါရေချိုးရန်

၂) နိဖွာစ် ။ ။ မိန်းမများ ကလေးမီးဖွားပြီး ရက် (၄၀) ပြည့်လျှင် ရေချိုးရန်။

၃) ဂျနာဘတ် ။ ။ အိမ်ထောင်ရှင် ယောက်ျားများ နှင့် မိန်းမများ ရေချိုးရန်။

၎) အိဟ်တိလာမ် ။ ။ မကောင်းသော အိပ်မက်များ မြင်တွေ့သောအခါ ရေချိုးရန်။

ဂူဆွလ် ခေါ် ရေချိုးနည်း

ပထမဦးစွာ ရေကိုစင်ကြယ်အောင် ချိုးပြီးလျှင် ဝူဇူပြုလုပ်ရမည်။ ဝူဇူလုပ်သည့်အခါ ပါးလုပ်ကောင်းစွာကျင်းရမည်။ နှာခေါင်းကို စင်ကြယ်စွာဆေးရမည်။ ပြီးလျှင် ဂူဆွလ် စာပိုဒ်ကိုဆိုပြီးလျှင် ဦးခေါင်းပေါ်မှစ၍ ရေကို တစ်ကိုယ်လုံးစိုစွတ်အောင် ၃ ခါလောင်းရမည်။ ညာဖက်ပခုံးပေါ်မှအောက်အထိ ၃ ခါ စာဆို၍ လောင်းရမည်။ ဘယ်ဘက်ပခုံးပေါ်မှ ၃ ခါစာဆို၍ လောင်းရမည်။ အားလုံးပေါင်း ၉ ခါ ဖြစ်ရမည်။

မှတ်ချက်။ ။ ဂူဆွလ်ပြုလုပ်ထားသော ဝူဇူ ဖြင့် နမာဇ် နှင့် ကုရ်အာန် ဖတ်၍ မပိုင်။ ဝူဇူအသစ်ပြန်လုပ်ရမည်။

ဂူဆွလ် နီယတ်

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် ဟိုင်သွိ လိရဖ်အိလ် ဟဒသီ ဝအိစ် တိဟာ ဟတိဆွ် ဆွလားတ်။

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် နိဖားစ် လိရဖ်အိလ် ဟဒသီ ဝအိစ် တိဟာ ဟတိဆွ် ဆွလားတ်။

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် ဂျနားဗတိလ် ရဖ်အိလ် ဟဒသိ စအစ်တိတား ဟတိဆွ် ဆွလားတ်။

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် အိတ်တိလားမိလ် ရဖ်အိလ် ဟဒသိ ဝအိစ် တိဘာဟတိစ် ဆွလားတ်။

သယမ်မွန်မ်

သယမ်မွန်မ်ဆိုသည်မှာ တရားတော်အရ အကြောင်းတစ်စုံတစ်ရာကြောင့် ရေကိုအသုံးမပြုနိုင်သော အချိန်မျိုးတွင် ဝူဇူ၏အစားဖြစ်စေ၊ ဂူဆွလ်၏အစားဖြစ်စေ၊ မြေ သို့ မြေနှင့် တူသော အမျိုးအစား အရာဝတ္ထုများဖြင့် ကိုယ်ခန္ဓာကို သန့်ပြန့်စေရန် ပွတ်သပ်ခြင်းဖြစ်သည်။

သယမ်မွန်မ် ပြုခွင့်ရှိသော အခြေအနေ

၁) ရေမရရှိနိုင်ခြင်း

၂) ရေကိုရနိုင်သော်လည်း ရေကိုအသုံးပြုလိုက်ပါက ရောဂါဝေဒနာဆိုးဝါးလာမည်ကို စိုးရိမ်ရခြင်း

၃) ရေကိုတွေ့မြင်ရသော်လည်း ခပ်ယူသုံးစွဲရန် နည်းလမ်းတစ်စုံတစ်ရာမရှိခြင်း

၎) ရေရနိုင်သော နေရာသို့သွားမည်ဆိုပါကလည်း ဘေးအန္တရာယ်တစ်စုံတစ်ရာကို စိုးရိမ်ရခြင်း

၅) တစ်မိုင်အတွင်း ရေမရရှိနိုင်ခြင်း ( အသွား+အပြန်= နှစ်မိုင်)

သယမ်မွန်မ်ပြုလုပ်နည်း

ပထမဦးစွာ အတယမ္မမု လိရဖ်အစ်လ် ဟဒဆ် (မသန့်လွင့်ပျောက်၍ သန့်ပြန့်စေကြောင်းရည်စူးပါ၏) ဟုရွတ်ဆိုပြီး သန့်ပြန့်သောမြေ (သို့) မြေနှင့်တူသော အမျိုးအစား အရာဝတ္ထုပေါ်တွင် လက်ဝါးနှစ်ဖက်ကို ရိုက်ပုတ်၍ အနည်းငယ်ခါပြီးလျှင် မျက်နှာအနှံ့အပြားကို နေရာမကျန်အောင် ပွတ်သပ်ရမည်။ ဒုတိယအကြိမ်မြေကိုပုတ်၍ ဝဲလက်ဖဝါးဖြင့် ညာလက်ကိုတံတောင်ဆစ်ပါ အနှံ့အပြားပွတ်သပ်ရမည်။ ၎င်းနောက် ယာလက်ဖဝါးဖြင့် ဝဲဖက်ကိုလည်း အလားတူပွတ်သပ်ရမည်။ လက်ချောင်းကလေးများအကြားကိုပါပွတ်သပ်ရမည်။ လက်နှစ်ဖက်ကို မစဟ်ပြု ပွတ်သပ်ရာ၌အကောင်းဆုံးနည်းမှာ ဝဲလက်၏ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းနှင့် လက်ဖဝါးတစ်ပိုင်းဖြင့် ယာလက်၏အပြင်ပိုင်းကို လက်ချောင်းများ၏ အဖျားမှ တံတောင်ဆစ်အထိပွတ်သပ်ရမည်။ ထို့နောက် လက်မ၊ လက်ညှိုးနှင့် လက်ဖဝါးဖြင့် လက်ယာလက်၏အတွင်းကို တံတောင်ဆစ်မှ လက်ဖျားအထိ ပွတ်သပ်ရမည်။ ထိုနည်းတူစွာ ယာလက်ဖြင့် ဝဲလက်ကို ပွတ်သပ်ရမည်။
သယမ်မွန်မ်တွင်ရှိသော ဖရ်ဇ်အချက်များ
၁) သန့်ပြန့်ရန် နီယတ်ပြုခြင်း
၂) မျက်နှာတစ်ခုလုံးကို လက်ဝါးနှစ်ဖက်ဖြင့် အနှံ့အပြားပွတ်သပ်ခြင်း
၃) လက်နှစ်ဖက်ကို တံတောင်ဆစ်ပါ နှံ့စပ်အောင်ပွတ်သပ်ခြင်း
မှတ်ချက်။ ။ ဝူဇူအစား သယမ်မွန်မ် ပြုလျှင် "ကျွန်တော်မျိုးသည် ဆွလာသ်ဝတ်ပြုရန် သန့်ပြန့်မှုအတွက် ဝူဇူအစား သယမ်မွန်မ်ပြုသည်" ဟု နီယတ်လုပ်၍ ဂူဆွလ် အတွက်ဆိုလျှင် "ကျွန်တော်မျိုးသည် ကိုယ်ခန္ဓာသန့်ပြန့်စေရန် ဂူဆွလ်အစား သယမ်မွန်မ်ပြုသည်" ဟု နီယတ်လုပ်ပါ။
သယမ်မွန်မ် ပျက်သွားစေသောအချက်များ
ဝူဇူပျက်စေသောအချက်များအပြင် ရေရနိုင်သော အကြောင်းပေါ်ပေါက်လာသောအခါ သို့မဟုတ် ရေကိုသုံးနိုင်သောအခါတွင်လည်း သယမ်မွန်မ် ပျက်သွားလေသည်။

* ကိုးကား-- အစ္စလာမ်ဘာသာရေးသင်ခန်းစာ နှင့် အစ္စလာမ့်ပညာအခြေပြ တတိယအဆင့် *

0 comments: