ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Thursday, August 27, 2009

နောက်ဆုံး ရမ်ဇာန် သာဖြစ်ခဲ့မယ်ဆိုလျှင်

Image from: http://tinyurl.com/ramadancode

အလ္လာဟ်အရှင်မြတ်က တစ်နှစ်မှာ တစ်လ (ရက်ပေါင်း၃၀) စာ မြင့်မြတ်သော ရမ်ဇာန်လကို လူသားအားလုံးအတွက် တန်းတူညီတူ ချပေးထားပါတယ်။ ဒါပေမဲ့ လက်ခံတဲ့လူအပေါ်မှာမူတည်ပြီးတော့ အဲဒီ ရမ်ဇာန်လရဲ့ အကျိုး ဆဝါဗ်၊ ရလဒ်၊ အကျိုးအမြတ် တွေဟာ ကွဲပြားခြားနားသွားပါတယ်။ ဥပမာ ဆိုပါတော့ မိုးရွာတဲ့အချိန်တစ်ခုမှာ လူတစ်ယောက်ဟာ ရေခွက်နဲ့ရေခံတယ်။ နောက်တစ်ယောက်က ရေပုံးနဲ့ရေခံတယ်။ နောက်တစ်ယောက်ကျပြန်တော့ တိုင်ကီနဲ့ရေခံမယ်။ မိုးကလည်း အဆက်မပြတ်ရွာတယ်။ ရေခွက်နဲ့ရေခံတဲ့လူရလိုက်မယ့် ရေပမာဏက အရမ်းကိုသေးငယ်နေမယ်။ ဘာလို့လဲဆိုတော့ သူ့ဆီက လက်ခံနိုင်စွမ်းအားဟာ ပေးတဲ့ပမာဏထက် အဆပေါင်းများစွာ နည်းနေလို့ပဲ။ သူ့ရဲ့ စိတ်ထဲမှာတော့ ဒီမိုးကဒီ လောက်သည်းနေတာ တော်တော်နဲ့တိတ်ဦးမှာမဟုတ်ဘူးလို့ စဉ်းစားချင် စဉ်းစားနေမယ်။ ရေပုံးနဲ့ခံမယ့် လူအတွက်ကျတော့ ရေခွက်နဲ့ခံတဲ့လူထက် ပိုများများရနိုင်တယ်။ သူ့ရဲ့ လက်ခံနိုင်စွမ်း၊ လုပ်နိုင်စွမ်းက အရင်တစ်ယောက်ထက် ပိုများသွားပြီ။ အဲ.. နောက်ဆုံး တိုင်ကီသမားကျတော့ အားလုံးထက်ပိုလုပ်နိုင်တယ်။ ပိုပြီး အမြင်ကျယ်တယ်။ ပိုပြီးတော့လည်း အကျိုးခံစားနိုင်မယ့် လမ်းကိုမျှော်လင့်ထားတယ်။ သူကတော့ တခြားလူတွေနဲ့မတူ ပေးသလောက်ကို လက်ခံနိုင်စွမ်းရှိတယ်။ အချိန်အတိုင်းအတာတစ်ခုကြာလို့ မိုးတိတ်သွားတဲ့အချိန်မှာ တိုင်ကီသမားဟာ သူလိုသလောက်စုဆောင်းမိနေပြီး ရေပုံးသမားကတော့ အထိုက်အလျောက်ရနေပြီ။ အဲဒီအချိန်မှာ ရေခွက်သမားကတော့ သူ့ရေခွက်အတိုင်းအတာပဲရသေးတယ်။ သူကတော့ တခြားလူတွေလို အများကြီးပြန်လိုချင်ရော။ အဲဒီအချိန်ကျမှ မိုးရယ် ပြန်ရွာပါ ဆိုပြီးတောင်းဆိုလို့လည်း မရတော့ဘူး။ ကံကြမ္မာကလူတိုင်းကို တန်းတူအခွင့်အရေးပဲပေးတယ်။ သူကနားမလည်လို့ ၊ သူကအဲဒီအချိန်တုန်းက မအားလို့ ဆိုပြီး ဘက်လိုက်ပြီးတော့ မိုးပြန်ရွာပေးတယ်ဆိုတာမျိုးမရှိပါဘူး။ ကျွန်မတို့လည်း ကိုယ့်ဟာကိုယ် အဲဒီ ရေခံတဲ့လူ ၃ ယောက်နေရာမှာ အစားထိုးပြီး ကြည့်ကြည့်ရအောင်။ ဘယ်သူ့နေရာမှာ အစားထိုးချင်မလဲ။ ဘယ်သူမဆို တိုင်ကီသမားနေရာပဲလိုချင်ကြမှာပေါ့။ ဒါက သဘာဝကျတယ်လေ။ တစ်ခုရှိတာက အဲလောက်အကျိုးအမြတ်ရဖို့ဆိုတာကတော့ သူ့လောက် အပင်ပန်းခံနိုင်မလား၊ သူလုပ်သလိုမျိုးလုပ်နိုင်မလားဆိုတာပဲ။ လူတွေအားလုံး အားလုံး တစ်ယောက်စီတိုင်းဟာ နောက်ဆုံးမှာ သေကြရမှာပါ။ နောက်ဆုံး ကေရာမဟ် နေ့ရောက်ရင် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှာ အားလုံးအစစ်ဆေးခံရ၊ စီရင်ချက်ချခံရမှာပါ။ အဲလိုအချိန်ကို ကျွန်မတို့တွေက အခု ဒွန်နရာ မှာရသမျှ အချိန်၊ အခွင့်အရေး၊ ဘာသာရေးလိုက်စားနိုင်ခွင့်၊ နမာဇ်၊ ရိုဇာ တွေအားလုံး အားလုံးကို ရေခွက်နဲ့ပဲ သယ်သွားမှာလား၊ ရေပုံးနဲ့လား၊ သို့မဟုတ် တိုင်ကီနဲ့လား၊ ဒါမှမဟုတ် အဲဒီထက်ကြီးတဲ့ဟာနဲ့လား ဆိုတာကို အားလုံး ရွေးချယ်ရတော့မှာပါ။ လူတိုင်းမှာ အချိန်ပိုဆိုတာမရှိပါဘူး။ အချိန်နဲ့အမျှ ကျွန်မတို့ရဲ့ အသက်တွေဟာ ကြီးသွားမယ်။ အချိန်နဲ့အမျှ ကျွန်မတို့နေရမယ့် အချိန်တွေဟာ နည်းပါးလာမယ်။ ဘယ်သူ့ကို ဘယ်နေ့ရဲ့ ဘယ်အချိန်မှာ အလ္လာဟ်အရှင်မြတ်က ခေါ်မယ်ဆိုတာကိုမသိပါဘူး။ အကယ်၍ ဒီနှစ် ရမ်ဇာန်လဟာ ကျွန်မတို့အတွက် နောက်ဆုံးရမ်ဇာန်ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေလုပ်ကြမလဲ။ ဒီနှစ်ကတော့ ငါပင်ပန်းတယ် ၊ ငါ့အတွက် အချိန်မရှိဘူး ဆိုပြီး နောက်နှစ် နောက်နှစ် မပြီးနိုင်တဲ့ အဓိက ကတော့ ကိုယ်ပိုင်ဖို့ မသေချာနိုင်တဲ့ အနာဂတ်မှာလုပ်ဖို့ အချိန်ဆွဲထားမလား.. ဒါမှမဟုတ် ယခု ကိုယ်ဧကန်မုချ ပိုင်ဆိုင်နေတဲ့ ဒီနှစ်ရမ်ဇာန် ဒီနေ့ ဒီအချိန် မှာပဲ တိုင်ကီတစ်ခုကိုဆွဲပြီး ကိုယ်နိုင်သလောက်ကို ခံသွားမှာလားဆိုတာ ကျွန်မတို့အားလုံး စဉ်းစားဖို့လိုနေပါပြီ။

Facebook ၏ I Love Allah Fan Page မှ Project Ramadaan: What Would You Do if You Knew This Was Your Last Ramadan? A Reminder for Us!!
ကို ကိုးကားထားပါသည်။


0 comments: